ဘော်ဒါဆောင်(အသစ်)လျှောက်ထားခြင်းနှင့်ခွင့်ပြုခြင်း 

လိုင်စင်လျှောက်ထားခြင်းနှင့်စိစစ်ဆောင်ရွက်ခြင်း

၁။        အမျိုးသား/အမျိုးသမီး သီးသန့်ထားရှိမည့် ဘော်ဒါဆောင်လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်လိုပါက  www.ycdc.gov.mm Website ရှိ Online လျှောက်လွှာတွင် ဖြည့်စွက်ပြီး အောက်ပါအထောက်အထားများ ပူးတွဲ၍ သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားရမည်-

            (က)   နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊

            ( ခ)    အနီးစပ်ဆုံးပတ်ဝန်းကျင်အနည်းဆုံး(၁၀)ဉီး  ထောက်ခံချက်(မြေပြင်အခြေအနေအရ လိုအပ်ပါက (၁၀)ဦးအထက် ပိုမိုရယူရမည်)

            ( ဂ)    အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း   အထောက်အထား၊

             (ဃ)   သက်ဆိုင်ရာမီးသတ်ဌာန၏ခွင့်ပြုချက်/ထောက်ခံချက်။

၂။         ဘော်ဒါဆောင်လုပ်ငန်းဆောင်ရွက်မည်ဆိုပါက အောက်ဖော်ပြပါ အခြေခံအချက်များနှင့် ကိုက်ညီမှု ရှိရပါမည်-

            (က)      အနည်းဆုံးလူ(၆)ဦး နေထိုင်နိုင်ရန်အတွက် ဖွဲ့စည်းထားရှိရမည်။

            ( ခ )      အိပ်ခန်း၏ အနည်းဆုံးအကျယ်အဝန်းသည် အောက်ပါအတိုင်းရှိရမည်-

                          (၁)             တစ်ယောက်ခန်း   ၆၀ စတုရန်းပေ

                          (၂)             နှစ်ယောက်ခန်း     ၉၀ စတုရန်းပေ

                                           (၃)             အိပ်ခန်းမဖြစ်လျှင် အိပ်ခန်းမသည် ဧည့်သည်တစ်ဦးအတွက် ၃၀ စတုရန်းပေ အခြေခံနှုန်းဖြင့် အကျယ်အဝန်းရှိရမည်။    

            ( ဂ)       ဧည့်သည်(၁၀)ဦးလျှင် အနည်းဆုံးရေချိုးခန်း(၂)ခန်းနှင့် သန့်စင်ခန်း(၂)ခန်း ထားရှိရမည်။

၃။        မြို့နယ်စည်ပင်သာယာရေးကော်မတီသည် -

            (က)   အပိုဒ်(၁)ပါအတိုင်း အထောက်အထားများပြည့်စုံမှုရှိပါက အောက်ပါအချက်များကို ကွင်းဆင်း စစ်ဆေးရန်အတွက် စစ်ဆေးမည့်ရက်/အချိန်အား အကြောင်းကြားမည်-

                       (၁)     ပတ်ဝန်းကျင်ကန့်ကွက်မှု ရှိ/မရှိ၊

                      (၂)      အခြားမြေ/ဉပစာကို ကျူးကျော်ဆောင်ရွက်ခြင်း ရှိ/မရှိ၊

                      (၃)     ပါဝင်ရမည့် အထောက်အထားပြည့်စုံမှု ရှိ/မရှိ။

            ( ခ)    ကွင်းဆင်းစစ်ဆေးပြီးနောက် လိုအပ်ချက်မှာကြားခြင်းနှင့် လိုအပ်ချက်မရှိပါက စစ်ဆေး တွေ့ရှိချက်နှင့်အတူ စည်းကြပ်သင့်သည့် လိုင်စင်နှုန်းထားအား အဆိုပြုဖော်ပြ၍ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြဆောင်ရွက်မည်ဖြစ်ပါသည်။

            ( ဂ)    ခရိုင်ရုံးက လိုင်စင်နှုန်းထားပေးသွင်းပြီးကြောင်း အထောက်အထား၊ ခွင့်ပြုလိုင်စင် ကတ်ပြားပြန်လည်ရရှိပါက “လိုင်စင်နောက်ကျောပါ စည်းကမ်းချက်များအား လိုက်နာ ရမည်ဖြစ်ကြောင်း” အသိပေး ရှင်းလင်းချက်ဖြင့် လုပ်ငန်းရှင်ထံသို့ အကြောင်းကြား၍ လိုင်စင်ကတ်ပြားထုတ်ပေးမည်ဖြစ်ပါသည်။

            (ဃ)   မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ဆောင်ရွက်ချက်သည် အခြားအကြောင်းမရှိလျှင် (၄)ရက်တာ ကာလအတွင်း လုပ်ငန်းပြီးစီးအောင် စိစစ်ဆောင်ရွက်မည်ဖြစ်ပါသည်။

၄။        ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသည်-

            (က)   မြို့နယ်၏ တင်ပြချက်အပေါ် မြေပြင်ကွင်းဆင်းစစ်ဆေး၍ လိုင်စင်ခွင့်ပြုသင့်ကြောင်း စိစစ်ရရှိပါက လိုင်စင်ကြေးငွေပေးသွင်းရန် (ကျသင့်လိုင်စင်နှုန်းထားကို မြို့နယ်ရုံး၊ စည်ပင်ဘဏ်၊ AYA ဘဏ်၊ KBZ ဘဏ်တို့တွင်) မြို့နယ်မှတစ်ဆင့် လုပ်ငန်းရှင်ထံသို့ အကြောင်းကြားမည်ဖြစ်ပါသည်။      

            ( ခ)    ငွေသွင်းချလံရရှိပါက ခွင့်ပြုသည့် လိုင်စင်ကတ်ပြားနှင့် ခွင့်ပြုမိန့်အား မြို့နယ်သို့ ပြန်လည်ပေးပို့ ဆောင်ရွက်မည်ဖြစ်ပါသည်။

            ( ဂ)    မိမိရုံးသို့ ရောက်ရှိသည့် အချိန်မှ (၆)ရက်တာ ကာလအတွင်း စိစစ်ဆောင်ရွက်ပြီး လိုင်စင်ခွင့်ပြုမည်ဖြစ်ပါသည်။               

လိုင်စင်ခွင့်ပြုနိုင်ခြင်းမရှိသည့်အချက်များ

၅။          မြေပြင်ကွင်းဆင်းစိစစ်ချက်အရ အောက်ဖော်ပြပါအချက်များ တွေ့ရှိပါက  လိုင်စင်ခွင့်ပြုနိုင်ခြင်း မရှိပါ-

        (က)  ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်ကြောင်း ကန့်ကွက်မှုရှိနေပြီး ယင်းကန့်ကွက်ချက်ကို စိစစ်ရာ မှန်ကန်ကြောင်း တွေ့ရှိရခြင်း၊

        ( ခ)  အထောက်အထားပြည့်စုံမှုမရှိခြင်း။

၆။          ပတ်ဝန်းကျင်အနှောင့်အယှက်ရှိကြောင်း တိုင်ကြားမှု၊ အငြင်းပွားမှုများရှိသည့် မြို့နယ်/ခရိုင် အဆင့်ဆင့်မှ လိုင်စင်ခွင့်ပြုနိုင်ခြင်းမရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ဌာနသို့ တင်ပြခွင့်ပြုချက် ရယူပါသည်။ လိုအပ်ပါက ဌာနက ကော်မတီဝင်များအစည်းအဝေး(EC)သို့ တင်ပြဆောင်ရွက်မည်ဖြစ်ပြီး (EC)၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပါသည်။

၇။          ဌာန/EC ဆုံးဖြတ်ချက်အရ လိုင်စင်ခွင့်ပြုနိုင်ခြင်းမရှိပါက လုပ်ငန်းရှင်ထံသို့ စာဖြင့် အကြောင်းကြား မည်ဖြစ်ပါသည်။

၈။        ဌာနမှူးက ချမှတ်သည့်  အမိန့်နှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက  အကြောင်းကြားစာ လက်ခံ ရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ကော်မတီသို့ တင်ပြနိုင်သည်။

၉။        ကော်မတီက ချမှတ်ထားသော အမိန့်သည် အတည်ဖြစ်သည်။

ကုန်ကျစရိတ်

၁၀။      လိုင်စင်လျှောက်ထားခြင်းအတွက် ကုန်ကျစရိတ်မရှိပါ။

၁၁။      ကုတင်(၁)လုံးလျှင် ဘဏ္ဍာနှစ်(၁)နှစ်အတွက် ကျပ် ၃၀၀၀ နှုန်းဖြင့် စည်းကြပ်ပါသည်။ အဆိုပါ ပေးသွင်းရမည့် လိုင်စင်နှုန်းထားအား နှစ်စဉ်ထုတ်ပြန်သည့် တိုင်းဒေသကြီးအခွန်အကောက်ဉပဒေအရ စည်းကြပ်ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လိုင်စင်နှုန်းထားများသည် ဘဏ္ဍာနှစ်အလိုက် ပြောင်းလဲမှု ရှိနိုင်ပါသည်။

လိုအပ်သည့်ပုံစံများ

၁၂။      Online မှသာ လျှောက်ထားဆောင်ရွက်ခြင်းဖြစ်ပါသည်။ လျှောက်ထားရမည့်ပုံစံအား www.ycdc.gov.mm Website ရှိ Online ဝန်ဆောင်မှုများ ကဏ္ဍတွင် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

ဘော်ဒါဆောင်လိုင်စင်ရရှိပါက လိုက်နာရမည့်စည်းကမ်းများ

၁၃။      (က)   မိမိဘော်ဒါဆောင်၏ အမည်ဆိုင်းဘုတ်အား အဆောက်အအုံ၏ရှေ့ သင့်လျော်ရာ၌ ထင်ရှားစွာ မြင်နိုင်ရန် ချိတ်ဆွဲစိုက်ထူထားရမည်။ ယင်းဆိုင်းဘုတ်အား ညအချိန် မြင်နိုင်ရန် မီးထွန်းထားရမည်။

            ( ခ)    အထပ်မြင့်တိုက်ခန်းများတွင် ဖွင့်လှစ်ခြင်းဖြစ်ပါက အများသုံးလှေကားနှင့် ဆက်စပ်နေသော အခန်းတိုင်း၏ အဝင်တံခါးပေါက်တိုင်းတွင် ဘော်ဒါဆောင်အမည်ကို ရေးသားချိတ်ဆွဲထား ရမည်။ ည၌ မီးထွန်းထားရမည်။

            ( ဂ)    လုပ်ငန်းလိုင်စင်သည် ပိုင်ဆိုင်မှုအရှုပ်အရှင်း ပုဂ္ဂိုလ်ရေးအရ ကန့်ကွက်မှုများနှင့်မသက်ဆိုင် စေရ။

            (ဃ)   ပတ်ဝန်းကျင်အနှောင့်အယှက်မဖြစ်စေရေး၊ မီးဘေးကာကွယ်ရေး၊ မီးသတ်ဆေးဗူး လုံလောက်စွာထားရှိရေး၊ လုပ်ငန်းခွင်၌ အမှိုက်ပုံး၊ အမှိုက်အိတ်များ အသုံးပြုရေး၊ စနစ်တကျ စွန့်ပစ်ရေး၊ လေဝင်လေထွက်ကောင်းမွန်ရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ ယာဉ်ရပ် နားရန်နေရာများ စီမံထားရှိရမည်။

            ( င)    လာရောက်တည်းခိုသူများ၏ နေထိုင်ပြုမူပြောဆိုမှုများကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက်မဖြစ်စေရေး စီမံဆောင်ရွက်ပြီး လုပ်ငန်း၌ ရေ၊ မီးစနစ်များ စီမံဆောင်ရွက် ထားရှိရမည်။

            ( စ)    လာရောက်တည်းခိုသူများအတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း/ဌာနများသို့ ဧည့်စာရင်း တိုင်ကြားရမည်။

            (ဆ)   လုံးချင်းအိမ်ဖြစ်ပါက ဘေးအိမ်များနှင့် အပြန်အလှန်မမြင်နိုင်စေရန် လိုအပ်သောအကာအရံများ ထားရှိရမည်။

            ( ဇ)    ဘော်ဒါဆောင်၌ အစားအသောက်ဆိုင် ပူးတွဲဖွင့်လှစ်ရောင်းချပါက လုပ်ငန်းလိုင်စင် လျှောက်ထားရမည်။

            ( ဈ)    တည်းခိုသူများ၏ ကျန်းမာရေးစောင့်ရှောက်နိုင်ရန် ကျန်းမာရေးဆောင်ရွက်မှုစနစ် စီမံထားရှိ ရမည်။

            (ည)   လိုင်စင်ခွင့်ပြုထားသောလုပ်ငန်းအား ပြောင်းရွှေ့ဖယ်ရှားပေးရန် ညွှန်ကြားပါက တိကျစွာ လိုက်နာဆောင်ရွက်ရမည်။

            ( ဋ)    ပြဌာန်းထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့် ဝန်ကြီးဌာနများမှ အမိန့်ညွှန်ကြားချက်များ စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာ ရမည်။

            ( ဌ)      လုပ်ငန်းများ ပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်း ဆောင်ရွက်မည် ဆိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ကြိုတင်၍ မပျက်မကွက် စာဖြင့် အကြောင်းကြားသွားရမည်။

            ( ဍ)    အထက်ပါ သတ်မှတ်ချက်တစ်စုံတစ်ရာကို ဖောက်ဖျက်ကျူးလွန်ပါက သို့မဟုတ် လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်အား ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ လုပ်ငန်းလိုင်စင်အား ပိတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းစသည့် စီမံခန့်ခွဲမှု ပြစ်ဒဏ် ကိုခံရမည်။ လိုအပ်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်။ လုပ်ငန်းပိတ်သိမ်းသည့် ပြစ်ဒဏ်ခံ ယူစဉ်ကာလအတွင်း အလုပ်သမားများအတွက် ကိစ္စအဝဝသည် လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသူနှင့်သာ သက်ဆိုင်စေရမည်။

အရေးယူဆောင်ရွက်ခြင်း

၁၄။      လိုင်စင်စည်းကမ်းချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဉပဒေ(၂၀၁၈ ခုနှစ်) ပုဒ်မ ၂၈၁ အရ အောက်ဖော်ပြပါအတိုင်း အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်ပါသည်-

            (က)     ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊ (သတ်မှတ်လိုင်စင်နှုန်း၏ ၅ ဆ)

            ( ခ)      လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊

            ( ဂ)      လိုင်စင်ကို ပယ်ဖျက်ခြင်း။

အထွေထွေ

၁၅။      လိုအပ်သည့်အထောက်အထားများပြည့်စုံမှုရှိသော်လည်း ကော်မတီက အခါအားလျော်စွာ လိုင်စင် ခွင့်မပြုရန် အမိန့်ညွှန်ကြားချက်ဖြင့် ထုတ်ပြန်ထားသည့် လုပ်ငန်းများ၊ ကန့်ကွက်မှုရှိသည့်လုပ်ငန်းများအား လိုင်စင်ခွင့်ပြုနိုင်ခြင်းမရှိပါ။

 

Back to Top