ကိုယ်ပိုင်ကျောင်းလုပ်ငန်း(အသစ်)လျှောက်ထားခြင်းနှင့်ခွင့်ပြုခြင်း 

လိုင်စင်လျှောက်ထားခြင်းနှင့်စိစစ်ဆောင်ရွက်ခြင်း

၁။        ကိုယ်ပိုင်ကျောင်းလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်လိုပါက www.ycdc.gov.mm Website ရှိ Online လျှောက်လွှာတွင် ဖြည့်စွက်ပြီး အောက်ပါအထောက်အထားများ ပူးတွဲ၍ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေးကော်မတီသို့ လျှောက်ထားရမည်- 

            (က)   နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ

            ( )    အနီးစပ်ဆုံးပတ်ဝန်းကျင်အနည်းဆုံး(၁၀)ဉီး  ထောက်ခံချက်(မြေပြင်အခြေအနေအရ လိုအပ်ပါက (၁၀)ဦးအထက် ပိုမိုရယူရမည်)၊ စက်မှုဇုန်ရှိ လုပ်ငန်းများဖြစ်ပါက စက်မှုဇုန် ထောက်ခံချက်၊

            ( )    အခွန်ဦးစီးဌာန၏ အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထား၊

            (ဃ)   သက်ဆိုင်ရာ မီးသတ်ဌာန၏ ခွင့်ပြုချက်/ထောက်ခံချက်၊

            ( င)    ပညာရေးဝန်ကြီးဌာန၏ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်။

၂။         မြို့နယ်စည်ပင်သာယာရေးကော်မတီသည်   -

            (က)   အပိုဒ်(၁)ပါအတိုင်း အထောက်အထားများပြည့်စုံမှုရှိပါက အောက်ပါအချက်များကို ကွင်းဆင်း စစ်ဆေးရန်အတွက် စစ်ဆေးမည့်ရက်/အချိန်အား အကြောင်းကြားမည်-

                       (   ပတ်ဝန်းကျင်ကန့်ကွက်မှု ရှိ/မရှိ၊

                      ()      အခြားမြေ/ဉပစာကို ကျူးကျော်ဆောင်ရွက်ခြင်း ရှိ/မရှိ၊

                      ()     ပါဝင်ရမည့် အထောက်အထားပြည့်စုံမှု ရှိ/မရှိ။

            ( ခ)    လိုင်စင်ခွင့်ပြုနိုင်ရန် စည်းကြပ်သင့်သည့် လိုင်စင်နှုန်းထားအား အဆိုပြုဖော်ပြ၍ ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ တင်ပြဆောင်ရွက်မည်ဖြစ်ပါသည်။                  

            ( ဂ)    ဌာနက ပေးပို့သည့် ခွင့်ပြုလိုင်စင်ကတ်ပြားနှင့် ခွင့်ပြုမိန့်ကို ပြန်လည်ရရှိပါက ငွေပေးသွင်းရန် (ကျသင့်လိုင်စင်နှုန်းထားကို မြို့နယ်ရုံး၊ စည်ပင်ဘဏ်၊ AYA ဘဏ်၊ KBZ ဘဏ်တို့တွင်) မြို့နယ်မှတစ်ဆင့် လုပ်ငန်းရှင်ထံသို့ အကြောင်းကြားမည်ဖြစ်ပါသည်။

            (ဃ)   လိုင်စင်ကြေးပေးသွင်းပြီးပါက “လိုင်စင်နောက်ကျောပါ စည်းကမ်းချက်များအား လိုက်နာ ရမည်ဖြစ်ကြောင်း” အသိပေး ရှင်းလင်းချက်ဖြင့် လုပ်ငန်းရှင်ထံသို့ အကြောင်းကြား၍ လိုင်စင်ကတ်ပြားထုတ်ပေးမည်ဖြစ်ပါသည်။

            ( င)    မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ဆောင်ရွက်ချက်သည် အခြားအကြောင်းမရှိလျှင် (၃)ရက်တာ ကာလအတွင်း လုပ်ငန်းပြီးစီးအောင် စိစစ်ဆောင်ရွက်မည်ဖြစ်ပါသည်။

 

၃။        ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသည်-

            (က)   မြို့နယ်၏ တင်ပြချက်အပေါ် အထောက်အထားများစိစစ်၍ လိုင်စင်ခွင့်ပြုသင့်ကြောင်း ဌာနသို့ ဆက်လက်ထောက်ခံ တင်ပြပါမည်။        

            ( ခ)    မိမိရုံးသို့ ရောက်ရှိသည့် အချိန်မှ (၃)ရက်တာ ကာလအတွင်း လုပ်ငန်းပြီးစီးအောင် စိစစ်ဆောင်ရွက်မည်ဖြစ်ပါသည်။

၄။        ဌာနသည်-

            (က)   ခရိုင်/မြို့နယ်၏ တင်ပြချက်အပေါ် လိုင်စင်ခွင့်ပြုသင့်ကြောင်း စိစစ်ရရှိပါက လိုင်စင်ကြေးငွေ အတည်ပြုသတ်မှတ်၍ လိုင်စင်ခွင့်ပြုမည်ဖြစ်ပါသည်။

            ( ခ)    လိုင်စင်နှုန်းထားဖော်ပြ၍ ခွင့်ပြုသည့် လိုင်စင်ကတ်ပြားနှင့် ခွင့်ပြုမိန့်အား မြို့နယ်သို့ ပြန်လည်ပေးပို့ဆောင်ရွက်မည်ဖြစ်ပါသည်။

            ( ဂ)    မိမိရုံးသို့ ရောက်ရှိသည့် အချိန်မှ (၄)ရက်တာ ကာလအတွင်း စိစစ်ဆောင်ရွက်ပြီး လိုင်စင်ခွင့်ပြုမည်ဖြစ်ပါသည်။   

၅။        လိုင်စင်အသစ်များနှင့်ပတ်သက်၍ မြို့နယ်/ခရိုင်/ဌာနအနေဖြင့် (၁၀)ရက်တာ ကာလအတွင်း ခွင့်ပြုဆောင်ရွက်မည်ဖြစ်ပါသည်။

လိုင်စင်ခွင့်ပြုနိုင်ခြင်းမရှိသည့်အချက်များ

၆။          မြေပြင်ကွင်းဆင်းစိစစ်ချက်အရ အောက်ဖော်ပြပါအချက်များ တွေ့ရှိပါက  လိုင်စင်ခွင့်ပြုနိုင်ခြင်း မရှိပါ-

        (က)     ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်ကြောင်း ကန့်ကွက်မှုရှိနေပြီး ယင်းကန့်ကွက်ချက်ကို စိစစ်ရာ မှန်ကန်ကြောင်း တွေ့ရှိရခြင်း၊

        ( )      အထောက်အထားပြည့်စုံမှုမရှိခြင်း၊

        ( ဂ)      ပညာရေးဝန်ကြီးဌာနက ခွင့်ပြုမိန့်ပယ်ဖျက်ခြင်း။

၇။          ပတ်ဝန်းကျင်အနှောင့်အယှက်ရှိကြောင်း တိုင်ကြားမှု၊ အငြင်းပွားမှုများရှိသည့် မြို့နယ်/ခရိုင် အဆင့်ဆင့်မှ လိုင်စင်ခွင့်ပြုနိုင်ခြင်းမရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ ဌာနသို့ တင်ပြခွင့်ပြုချက် ရယူပါသည်။ လိုအပ်ပါက ဌာနက ကော်မတီဝင်များအစည်းအဝေး(EC)သို့ တင်ပြဆောင်ရွက်မည်ဖြစ်ပြီး (EC)၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပါသည်။

၈။        ဌာန/EC ဆုံးဖြတ်ချက်အရ လိုင်စင်ခွင့်ပြုနိုင်ခြင်းမရှိပါက လုပ်ငန်းရှင်ထံသို့ စာဖြင့် အကြောင်းကြား မည်ဖြစ်ပါသည်။

၉။        ဌာနမှူးက ချမှတ်သည့်  အမိန့်နှင့်စပ်လျဉ်း၍ ကျေနပ်မှုမရှိပါက  အကြောင်းကြားစာ လက်ခံ ရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ကော်မတီသို့ တင်ပြနိုင်သည်။

၁၀။      ကော်မတီက ချမှတ်ထားသော အမိန့်သည် အတည်ဖြစ်သည်။

ကုန်ကျစရိတ်

၁၁။      လိုင်စင်လျှောက်ထားခြင်းအတွက် ကုန်ကျစရိတ်မရှိပါ။

၁၂။      ပူးတွဲပါ လုပ်ငန်းလိုင်စင်နှုန်းထားများအတိုင်း ဖြစ်ပါသည်။

လိုအပ်သည့်ပုံစံများ

၁၃။      Online မှသာ လျှောက်ထားဆောင်ရွက်ခြင်းဖြစ်ပါသည်။ လျှောက်ထားရမည့်ပုံစံအား www.ycdc.gov.mm Website ရှိ Online ဝန်ဆောင်မှုများ ကဏ္ဍတွင် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

လုပ်ငန်းလိုင်စင်ရရှိပါက လိုက်နာရမည့်စည်းကမ်းများ

၁၄။      (က)     လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် လုပ်ငန်းတည်နေရာ ပတ်ဝန်းကျင်ရှိ အများပြည်သူအား လုပ်ငန်းနှင့်ပတ်သက်၍ အနှောင့်အယှက် တစ်စုံတစ်ရာ မဖြစ်ပေါ်စေရ။ လုပ်ငန်းကို             ခွင့်ပြုသည့် ဥပစာအတွင်း၌သာ ဆောင်ရွက်ရမည်။

            ( ခ)      လုပ်ငန်းလိုင်စင်သည် ပိုင်ဆိုင်မှုအရှုပ်အရှင်းပုဂ္ဂိုလ်ရေးအရ ကန့်ကွက်မှုများနှင့် မသက်ဆိုင်စေရ။

            ( ဂ)      လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် ပြဌာန်းထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်များ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များနှင့် ဝန်ကြီးဌာန အသီးသီးက ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက် များ၊ စည်းမျဉ်း စည်းကမ်း လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာရမည်။

            (ဃ)     ဝန်ကြီးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းအသီးသီး၏ ဥပဒေပြဌာန်းချက်များနှင့် အကျုံး ဝင်သည့် လုပ်ငန်းများ လုပ်ကိုင်ခြင်းအတွက် ယင်းဌာနနှင့် အဖွဲ့အစည်းများ၏ မှတ်ပုံတင်/ ခွင့်ပြုချက်ကို လက်ဝယ်ရယူထားရမည်။

            ( င)      လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူသည် ကော်မတီက ညွှန်ကြားသည့် သောက်/သုံးရေထားရှိမှု အစီအမံများ၊ သန့်ရှင်းရေးဆောင်ရွက်ရန်အတွက်  အစီအမံများ၊ အညစ်အကြေး စွန့်ပစ်မှုနှင့်

                        ပတ်ဝန်းကျင်ထိခိုက်မှုမဖြစ်စေရေး အစီအမံများ၊ မြို့တော်သာယာလှပရေးနှင့် လုံခြုံရေး အတွက် အစီအမံများ၊ အလုပ်သမား/ လာရောက်ရောင်းဝယ်သူ များအတွက် ကျန်းမာမှုနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံများ၊ ယာဉ်/လူသွားလမ်းပိတ်ဆို့မှုမရှိစေရေး အစီအမံများ၊ မီးဘေးကြိုတင် ကာကွယ်ရေးအစီအမံများကို ထားရှိ၍ တိကျစွာလိုက်နာရမည်။

            ( စ)      ကုန်ကြမ်းအဖြစ်အသုံးပြုသော ထုတ်လုပ်သော၊ သိုလှောင်သော၊ တည်းခင်းဖြန့်ဖြူးသော၊ ပစ္စည်းသည် သက်ဆိုင်ရာ ဝန်ကြီးဌာန/ အဖွဲ့အစည်းများက သတ်မှတ်ထားသည့် စံချိန် စံညွှန်းနှင့် ကိုက်ညီသည့် ပစ္စည်းများဖြစ်ရမည့်အပြင် ကိုင်တွယ်အသုံးပြု စားသုံးသူများ အတွက် ကျန်းမာရေးနှင့်ညီညွတ်ရမည့် သို့မဟုတ် ဘေးအန္တရာယ် ကင်းရှင်းရေး အစီအမံများဖြင့် စီစဉ်ဆောင်ရွက်ပြီးဖြစ်ရမည်။

            (ဆ)     လိုင်စင်ခွင့်ပြုထားသော လုပ်ငန်းကို လိုအပ်သည့်အခါ အချိန်နှင့်တစ်ပြေးညီ ဝင်ရောက် စစ်ဆေးခြင်းကို လက်ခံရမည်။ ယင်းအပြင် လုပ်ငန်းတာဝန်ခံကိုယ်တိုင်က လုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ရှင်းပြရမည်။

            ( ဇ)      လိုင်စင်ခွင့်ပြုထားသော လုပ်ငန်းအား လိုအပ်ချက်အရ ပြောင်းရွှေ့ဖယ်ရှားပေးရန် ညွှန်ကြားပါက သတ်မှတ်ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာရမည်။

            ( ဈ)     လုပ်ငန်းများ ပိတ်သိမ်းခြင်း၊ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်း ဆောင်ရွက်မည် ဆိုပါက သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးသို့ ကြိုတင်၍ မပျက်မကွက် စာဖြင့် အကြောင်းကြားသွားရမည်။

            (ည)     အထက်ပါ သတ်မှတ်ချက် တစ်စုံတစ်ရာကို ဖောက်ဖျက်ကျူးလွန်ပါက သို့မဟုတ် လိုက်နာ ရန်ပျက်ကွက်ပါကဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်အား ကာလအကန့်အသတ် ဖြင့်ရုပ်သိမ်းခြင်း၊ ပိတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းစသည့် စီမံခန့်ခွဲမှုပြစ်ဒဏ်ကို ခံရမည်။ လိုအပ်ပါက ဥပဒေအရ အရေးယူခြင်းခံရမည်။ လုပ်ငန်းပိတ်သိမ်းသည့် ပြစ်ဒဏ်ခံယူစဉ် ကာလအတွင်း အလုပ်သမားများအတွက် ကိစ္စအဝဝသည် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူနှင့်သာ သက်ဆိုင်စေရမည်။

အရေးယူဆောင်ရွက်ခြင်း

၁၅။      လိုင်စင်စည်းကမ်းချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဉပဒေ(၂၀၁၈ ခုနှစ်) ပုဒ်မ ၂၈၁ အရ အောက်ဖော်ပြပါအတိုင်း အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်ပါသည်-

            (က)     ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊ (သတ်မှတ်လိုင်စင်နှုန်း၏ ၅ ဆ)

            ( ခ)      လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊

            ( ဂ)      လိုင်စင်ကို ပယ်ဖျက်ခြင်း။

အထွေထွေ

၁၆။      လိုအပ်သည့်အထောက်အထားများပြည့်စုံမှုရှိသော်လည်း ကော်မတီက အခါအားလျော်စွာ လိုင်စင် ခွင့်မပြုရန် အမိန့်ညွှန်ကြားချက်ဖြင့် ထုတ်ပြန်ထားသည့် လုပ်ငန်းများနှင့် သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်ပယ်ဖျက်သည့်လုပ်ငန်းများအား လိုင်စင်ခွင့်ပြုနိုင်ခြင်းမရှိပါ။

 

 

 

Back to Top